ကန့်ဘလူ မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို မတ် ၂ ရက်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်ငါးရပ်ကွက်အတွင်းရှိ ကလေးငယ်များအား အသက် အရွယ်အပိုင်းအခြားအလိုက် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဂျပန်ဦးနှောက်အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ် ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် အသက်နှစ်နှစ်အောက်ကလေးငယ် ၁၉၈ ဦး၊ ကိုယ်ဝန်ဆောင် ၂၁ ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)