မြိတ်မြို့တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကျောင်းများ ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေး

မြိတ်     မတ်     ၉

နင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ (၂၀၂၆)ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၇)ခုဖြင့်ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများ စာမေးပွဲကိုအဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနကျောင်းများ ပြင်ဆင်နေမှုကို မတ်(၉)ရက် နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။ 

ကြည့်ရှုစစ်ဆေးရာ၌ ကျောင်းသား/ကျောင်းသူများ စာမေးပွဲလာ‌ရောက်ဖြေဆိုရာတွင် အဆင်ပြေချောမွေ့မှုရှိစေရေး၊ စာစစ်ဌာနကျောင်းများ လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ စာစစ်ဌာနများအလိုက် စာမေးပွဲဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထား ရှိမှုများအား ကြည့်ရှုစစ်ဆေးသည်။

တာဝန်ရှိသူများက စာစစ်ဌာနကျောင်းများရှိ စာစစ်မှူးရုံးခန်း၊ စာဖြေခန်းများ၊ ကျန်းမာရေးခန်း၊ သန့်စင်ခန်း၊ စာဖြေအဝင်အထွက်ဂိတ်များ ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးသည်။

မြိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၆)ခု၌ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူ စာရင်းရှိ(၃၄၇၆)ဦးရှိပြီး စက်မှုစိုက်ပျိုးမွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန(၁)ခုတွင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူ စာရင်းရှိ(၂၃)ဦးရှိ၍ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၇)ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခိုင်ထူး (  ပြန်/ဆက် )