ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်

ထားဝယ်      မတ် ၉

တနင်္သာရီတိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိစေရန်ရည်ရွယ်၍ လက်မှုပညာရပ်ဖြစ်သည့် ပန်းအလှထိုးနည်းသင်တန်းကို ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ မတ် ၉ ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်သည်။

သင်တန်းတွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ဒုတိယနည်းပြဒေါ်ကြည်ကြည်ဖြူက မိတ်ဆက်စကားပြောကြားပြီး တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်နန်းမြင့်က မိမိတို့ဝါသနာပါသည့် ပန်းအလှထိုးလုပ်ငန်းများကိုလေ့လာနိုင်ပြီး စိတ်ပါဝင်စားစွာလုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ မိမိတတ်ကျွမ်းထားသည့်ပညာရပ်များကို ကောင်းကျိုးရှိစွာ ကြံဆအသုံးပြုတတ်နိုင်စေရေးတို့အတွက် ရည်ရွယ်၍သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ဒုတိယနည်းပြဒေါ်ကြည်ကြည်ဖြူက  ဝန်ထမ်းများနှင့်မိသားစုဝင်များအား  ပန်းအလှထိုးနည်းဖြစ်သည့်  စက်ဝိုင်းပုံပန်းထိုးနည်း၊ တြိဂံပုံနှင့်စတုဂံပန်းထိုးနည်း၊ နှစ်ဖက်လှပန်းထိုးနည်း၊ တစ်ဖက်လှပန်း ထိုးနည်း၊ ပန်းအနိမ့်ထိုးနည်းများကို အခြေခံမှစ၍ သိရှိနားလည်သည်အထိ လက်တွေ့ပြသပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)