မြိတ် မတ် ၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်အရာရှိများ ခေါင်းဆောင်မှုနှင့် မီးသတ်လုပ်ငန်းစဉ်များ ကျွမ်းကျင်အောင်မြင်စွာဆောင်ရွက်တတ်စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ အကြိုအခြေခံမီးသတ်ပညာသင်တန်း(အရာရှိ) (၁/၂၀၂၆)ကို ခရိုင်မီးသတ်ဦးစီးဌာနကြီးကြပ်မှုဖြင့် မတ် ၉ ရက် နံနက်၉နာရီက ခရိုင်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သည်။
သင်တန်းကို မြိတ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးအာကာအောင်က အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဇော်အောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက သင်တန်းသားများအတွက် သင်ရိုးညွှန်းတမ်းစာအုပ်များ ပေးအပ်သည်။
အဆိုပါသင်တန်းကို အရန်မီးသတ်တပ်ဖွဲ့အရာရှိများအနေဖြင့် မီးသတ်လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာလုပ်ငန်းများကိုသိရှိပြီး ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရန်၊ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်စည်းကမ်းများသိရှိပြီး မိမိတပ်ဖွဲ့ကို ဦးစီးဦးဆောင်ပြုရာတွင် ခေါင်းဆောင်မှုအခြေခံမူများနှင့်အတူ အောင်မြင်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းတွင် မီးဘေးကြိုတင်ကာကွယ်တားဆီးရေး၊ နည်းပညာမြင့်မီးငြှိမ်းသတ်ရေးဘာသာရပ်များ၊ ခေတ်မီရှာဖွေကယ်ဆယ်ရေးလုပ်ငန်း သုံးပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုခြင်းနည်းစနစ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရနှင့်ကြိုတင်သတိပေးခြင်း၊ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ကျင့်ဝတ်စည်းကမ်းများ ဘာသာရပ်များကို သင်ကြားဆွေးနွေးပို့ချသွားမည်ဖြစ်ကာ သင်တန်းသား(၃၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလရက်သတ္တနှစ်ပတ်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်သည့် သင်တန်းသားတစ်ဦးချင်းအား တူညီဝတ်စုံတစ်စုံစီပေးအပ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )