တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း( ၁/၂၀၂၆ )ဖွင့်ပွဲ တက်ရောက်

ထားဝယ်  မတ် ၉

တနင်္သာရီတိုင်းဒေသကြီးအဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်  ၉ နာရီက  ထားဝယ်မြို့ မြို့တော်ခန်းမ(၂)၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ အောက်ရှိ  လုပ်ငန်းကော်မတီများသာမက တိုင်းဒေသကြီးအတွင်း ဌာနဆိုင်ရာများအနေဖြင့်သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာများတိုးပွားလာ‌စေရန်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချင်းချင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာ‌စေရန်အထောက်အကူပြုပြီး ချိတ်ဆက်မှုအားကောင်းစွာဘေးဒဏ်ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိသည့် လူ့အသိုက်အဝန်းတစ်ခုပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်နှင့်ထိစပ်နေသော ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည့်အတွက်ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များကိုတုံ့ပြန်ဖြေရှင်းဆောင် ရွက်နိုင်ရန်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုများကို နှေးကွေးစေသောအနှောင့်အယှက်အဟန့်အတားများဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် သဘာဝဘေးအန္တရာယ်များကို ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရပ်/ကျေးအဆင့်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပါက နိုင်ငံတစ်ခုတည်း၊ အဖွဲ့အစည်းတစ်ခုတည်း၊ ဌာနတစ်ခုတည်းကသာ ဆောင်ရွက်ရန်တာဝန်ရှိသည်မဟုတ်ဘဲ အားလုံးပါဝင်ကာဝိုင်းဝန်းကူညီ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို မိမိတို့၏ လုပ်ငန်းနယ်ပယ်နှင့်ပေါင်းစပ်ပြီး ဌာနများအကြားပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်စေရန်နှင့် ဘေးအန္တရာယ်များရင်ဆိုင်ကြုံတွေ့လာရပါက ထိရောက်လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်လိုအပ်ကြောင်း၊  သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာဖြင့် သင်ယူလေ့လာပြီးပြည်သူများအကြား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ရင်ဆိုင်တွေ့ကြုံနေရသည့် အခက်အခဲများကိုဖြေရှင်းနိုင်ရေးအတွက် တာဝန်သိစိတ်ကိုယ်စီဖြင့် ကျရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကိုကံစီမံရာဟု သတ်မှတ်ခြင်းထက် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် တုံ့ပြန်ရင်ဆိုင်နိုင်သည့် လူမှုအသိုက်အဝန်းကိုဖော်ဆောင်နိုင်သော အထောက်အပံ့ကောင်းများကိုရရှိပြီး သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။

သင်တန်းတွင် ဌာနဆိုင်ရာနှင့်လူမှုအဖွဲ့အစည်းသင်တန်းသား(၅၀)အား တာဝန်ရှိသူများက မတ် ၁၃ ရက်အထိ သင်ကြားပို့ချပေးသွားကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)