(၈၁)နှစ်မြောက်၊ တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာဖွင့်ပွဲအခမ်းအနား ကျင်းပ

မုံရွာ မတ် ၈

(၈၁)နှစ်မြောက်၊ တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ မြေဧက-၃.၉၂ ဧကအကျယ်၌ တည်ဆောက်ခဲ့သည့် မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာဖွင့်ပွဲအခမ်းအနားကို မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(အလုံ)မှ ဘင်ခရာ/ပန်းပွားအဖွဲ့၏ တီးမှုတ်ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်တို့က မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသည့် ဘင်ခရာ/ပန်းပွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါ မုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာအတွင်းရှိ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်အရောင်းဆိုင်များ၊ အပိုပစ္စည်းဆိုင်များ၊ ကားအလှဆင်ပစ္စည်းအရောင်းဆိုင်များ၊ ရေဆေးဆီလိုက်လုပ်ငန်းဆိုင်များ၊ စားသောက်ဆိုင်များ ခင်းကျင်းပြသရောင်းချနေမှုများနှင့် ရောင်းချမည့် မော်တော်ယာဉ်များအား လိုက်လံကြည့်ရှုခဲ့ကြပြီး လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။  

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာဖွင့်ပွဲ(ဒုတိယပိုင်း) အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာမြို့သည် ချင်းတွင်းမြစ်၏ အရှေ့ဘက်တွင်ရှိသည့် ဆိပ်ကမ်းမြို့ဖြစ်ပြီး အထက်ချင်းတွင်းဒေသများအတွက် အဓိကကုန်စည်စီးဆင်းရာ မြို့တစ်မြို့လည်းဖြစ်ပါကြောင်း၊ ရေကြောင်းလမ်း၊ လေကြောင်းလမ်း၊ မီးရထားလမ်း ကုန်းလမ်းများအားလုံး အသုံးပြုနိုင်သည့်အတွက် ရေယာဉ်လိုင်း (၂၄)လိုင်း၊ မော်တော်ယာဉ်လိုင်း (၉၀)လိုင်းရှိပြီး လမ်းပန်းဆက်သွယ်မှုကောင်းမွန်သည့် မြို့တစ်မြို့လည်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူများအပန်းဖြေအနားယူနိုင်စေရန်အတွက် မုံရွာမြို့ပေါ်ရှိ အထင်ကရနေရာများအား ပြန်လည်ပြုပြင်အဆင့်မြှင့်တင်ပေးခြင်း၊ နေရာသစ်များ ဖော်ဆောင်ပေးခြင်းလုပ်ငန်းများအား ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုလို မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ခြင်းဖြင့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့်ပတ်သက်၍ ယာဉ်ပြင်ဆင်မှုများပြုလုပ်ခြင်း၊ ဆက်စပ်ပစ္စည်းများဝယ်ယူခြင်း၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ အသစ်ဝယ်ယူခြင်းနှင့် ယာဉ်များ ရေဆေးဆီလိုက်ပြုလုပ်ခြင်းတို့အား တစ်နေရာတည်းတွင် အဆင်ပြေစွာဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိ၏မြို့အား အစဉ်သန့်ရှင်းသာယာစိမ်းလန်းကာ အမြဲလှပဖွံ့ဖြိုးတိုးတက်နေသည့် မြို့တော်ကြီးဖြစ်အောင် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။  

ယင်းနောက် မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အမှုဆောင်အရာရှိ ဦးထွန်းထွန်းက မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာ တည်ဆောက်ခဲ့မှုလုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။   

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)