ရွှေဘို မတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုသူနာပြုသင်တန်းကျောင်းရှိ သပြေညိုခန်းမတွင် သင်တန်းသား/သူများအား သဘာဝအလျောက်ဖြစ်ပေါ်တက်သည့် ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို မတ်လ ၆ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရွှေဘိုသူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသွယ်မိုးက ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ သိရှိလိုက်နာနိုင်စေရန် ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ လာရောက်ပြုလုပ်ပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသုတစိုးက မြေငလျင်လှုပ်ခတ်လာပါက မိမိတို့အနေဖြင့်ကြောက်ရွံ့မနေဘဲ အန္တရာယ်မှ ကာကွယ်နိုင်စေရန် အိမ်တွင်းရှိ စားပွဲဖြစ်စေ၊ အကာအကွယ်ပြုနိုင်သည့် နေရာတွင် ခိုလုံရမည်ဖြစ်ကြောင်းနှင့် မိမိတို့ဌာနအနေဖြင့် သဘာဝဘေးဖြစ်ပေါ်လာပါက ဆောင်ရွက်ရသည့် လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရွှေဘိုခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ကျော်နှင့် အဖွဲ့ဝင်များက ဒဏ်ရာရရှိထားသည့် လူနာနှင့်ပတ်သက်၍ ရှေးဦးသူနာပြုစုနိုင်မည့် နည်းလမ်းများကို ရှင်းလင်းပြောကြားပြီး လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။
ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူးဦးအေးမြင့်နှင့် မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်တိုးက ငလျင်ဘေးအန္တရာယ်ဖြစ်ပွားလာပါက မိမိတို့အနေ ကယ်ဆယ်ရေးနှင့်ပတ်သက်သည့် လုပ်ဆောင်ရသည့် နည်းလမ်းများကို ဟောပြောခဲ့ပြီး လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)