ကော့သောင်း မတ် ၇
ကော့သောင်းမြို့နယ်အတွင်းရှိ ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များနှင့် မိုဘိုင်းလက်ကိုင်ဖုန်းသုံးစွဲသူပြည်သူများအား ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ် (CEIR) အကြောင်း သိကောင်းစရာနှင့် အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးသန်းဇော်မိုးက (CEIR) စနစ် အသုံးပြုခြင်းအားဖြင့် တင်သွင်းသူများအနေဖြင့် ကျသင့်အခွန်ကောက်များကို Online စနစ်အသုံးပြု၍ အလွယ်တကူ ပေးဆောင်တင်သွင်းနိုင်ခြင်း၊ အခွန်တိမ်းရှောင်မှုနှင့် တရားမဝင်တင်သွင်းခြင်းမှ တားဆီးကာကွယ်နိုင်ခြင်း၊ အများပြည်သူများမှ မိုဘိုင်းလက်ကိုင်ဖုန်းအတုများ ဝယ်ယူမိခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊ နိုင်ငံတော်သို့ ဝင်ပေါက်အသီးသီးမှ တင်သွင်းလာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများ၏ IMEI နံပါတ်များကို စိစစ်ပြီး မှန်ကန်မှအသုံးပြုခွင့်ပေးသည့်အတွက် လက်ကိုင်ဖုန်းဈေးကွက်များ၏ စစ်မှန်မှုနှင့် ယုံကြည်စိတ်ချရမှု မြှင့်တင်ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ခြင်းများနှင့် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များနှင့် လက်ကိုင်ဖုန်းသုံးစွဲသူ ပြည်သူများအား (CEIR) အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)