ထားဝယ် မတ် ၇
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူလေးများ ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ကူးစိတ်သန်းအတွေးအခေါ်များ မြင့်မားလာစေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် သင်တန်းဆရာမ ဒေါ်ယဉ်ယဉ်က မိတ်ဆက်စကားပြောကြားပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက ကျောင်းသားလူငယ်များအနေဖြင့် စာကြည့်တိုက်ကို အသုံးချတတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ စာအုပ်စာပေမှ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် အင်္ဂလိပ်စာများများ နားထောင်လျှင် ပြောရဲလာခြင်း၊ စာများများဖတ်လျှင် ရေးတတ်လာမည်ဟုမှတ်ထားနိုင်ကြောင်း၊ အင်္ဂလိပ်စာတိုးတက်ချင်ပါက အင်္ဂလိပ်စာအုပ်များ ဖတ်ရမှာဖြစ်ပြီး အင်္ဂလိပ်စာအုပ်များ ဖတ်ရင်းဖြင့် အင်္ဂလိပ်ဝေါဟာရများ ကြွယ်လာမည်ဖြစ်ကြောင်း၊ လူငယ်များပီပီ ကိုယ်တိုင် စိတ်အားထက်သန်စွာ သင်ယူလေ့လာရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အင်္ဂလိပ်စာ ဆရာမဒေါ်ယဉ်ယဉ်နှင့် တာဝန်ရှိသူများက ကျောင်းသား/သူသင်တန်းသား (၄၅)ဦးအား အင်္ဂလိပ်စာတွင် အဓိကကျသည့် 4 skills ဟုခေါ်သည့် နားထောင်မှုစွမ်းရည်(Listening skill) ၊ အပြောစွမ်းရည်(Speaking skill) ၊ အဖတ်စွမ်းရည်(Reading skill)နှင့် အရေးစွမ်းရည်(Writing skill) များအပြင် ကျောင်းသားလူငယ်တစ်ဦးချင်း အင်္ဂလိပ် "Speaking Practice" လေ့ကျင့်ပေးစေခဲ့ပြီး ကျောင်းသား/သူအချင်းချင်း Face to Face ဖြင့် မတ်လ (၂၉) ရက်နေ့အထိ လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိသည်။
ငွေဇင်ယော်(ထားဝယ်)