ထားဝယ် မတ် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အများပြည်သူ စိုးရိမ်ပူပန်မှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးကြီးကြပ်စစ်ဆေးရေး အရာရှိနှင့် တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးကြီးကြပ်စစ်ဆေးရေးအရာရှိနှင့် ပူးပေါင်းအဖွဲ့များက စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချမှုရှိ/မရှိ၊ စက်သုံးဆီများ ရောက်ရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အများပြည်သူများအား စက်သုံးဆီ ဖူလုံမှုရှိကြောင်း၊ စိုးရိမ်ပူပန်မှုမရှိစေရေးအတွက် စက်သုံးဆီများအား နေ့စဉ်ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စက်သုံဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီများ ရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချသွားရန်၊ စက်သုံးဆီများကို လိုအပ်သည်ထက် ပိုမိုရောင်းချခွင့်မပြုရန်၊ ပီပါပုံးများ၊ ပလပ်စတစ်ပုံးများဖြင့် လာရောက်ဝယ်ယူပါက ရောင်းချခွင့်မပြုရန်၊ အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ စွမ်းအင်ဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များတွင် အများပြည်သူစိုးရိမ်ပူပန်မှုမရှိစေရေးအတွက် အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ ဆောင်ရွက်ပေးထားခဲ့ပြီး အရောင်းဆိုင်များ ပိတ်ထားသည်များ တွေ့ရှိပါက ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)