ပေါက်ခေါင်း မတ် ၅
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ မြို့နေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ်မီးသတ်ဦးစီးဌာ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ဆန်စက်များ၊ ဆီစက်များနှင့် အသေးစားအကြီးစား စက်မှုလက်မှု လုပ်ငန်းများသို့သွားရောက်ပြီး မီးဘေးလုံခြုံစိတ်ချရမှုရှိ/ မရှိနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားရှိမှုရှိ/ မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပေါက်ခေါင်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ပြီး မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်သွားကြရန်၊ အသေးစားစက်မှုလုပ်ငန်းများတွင်အသုံပြုသော ထင်းနှင့်မီးသွေးများအား စနစ်တကျထားရှိရန်၊လျှပ်စစ်မီးများအားကိုင်တွယ်အသုံးပြုရာတွင် အန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုကြရန်နှင့် မီးသတ်ဆေးဘူးများအား စနစ်တကျထားရှိကြရန် စသည့်အချက်များကို အသိပညာပေး ပြောကြားခဲ့ပြီး မီးသတ်ဆေးဘူးများ အရည်အသွေးပြည့်မီမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)