ကျွန်းလှ မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုး ထုတ်လုပ်ကြရာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ကုလားပဲ ဧက ၂၀၀ ကျော်ရိတ်သိမ်းပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ ဒီနှစ်ဆောင်းရာသီ ကုလားပဲစိုက်ပျိုးဖို့ ၂၃၉ ဧကလျာထားပြီး ၂၄၁ ဧကစိုက်ပျိုး နိုင်ခဲ့ပါတယ်။ ကုလားပဲစိုက်ပျိုးရာမှာ သီးသန့်စိုက်ပျိုးကြသလို လယ်ရိတ်သိမ်းပြီး သီထပ်အဖြစ်အများ ဆုံးစိုက်ပျိုးကြပါတယ်။ အခုအခါ ဧက ၂၂၀ ရိတ်သိမ်းပြီး တစ်ဧက ၂၂ ဒသမ ၇၃ တင်းထွက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းစေရန် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းစင်ရေးနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများ ကွင်းဆင်းအသိပညာပေးခဲ့သည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးမှုအဖြစ် မတ်ပဲ၊ ထောပတ်ပဲ၊ ကုလားပဲ၊ စားတော်ပဲ၊ စွန်တာပြာ၊ ပဲရာဇာ စုစုပေါင်း ၂၁၈၉၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်းရရှိကြပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ် ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ