ထန်းတပင်(ပဲခူး) ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်းကာ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်အတွင်းရှိ စက်သုံးဆီဆိုင်များ ဆန်စက်များနှင့် အိမ်ဆိုင်များကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့် ဝန်းထမ်းများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ပြည်သူများအနေဖြင့် လိုက်နာရန်အချက်များဖြစ်သည့် အိမ်တိုင်းတွင် တောင့်တင်းခိုင်မာသော မီးချိတ်မီးကပ်သဲပုံးရေပုံး မီးသတ်ဆေးဗူးအသင့်ထားရှိရန် မီးဖိုအား မီးလောင်မလွယ်ကူသော သွပ်ပြားသံပြားအုတ်တို့ဖြင့် စနစ်တကျခင်း၍အသုံးပြုရန် မီးဖိုအသုံးပြုတိုင်း လူစောင့်အမြဲထားရှိရန်နှင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျငြိမ်းသတ်ရန် မီးဖိုအနီးလောင်စာဆီနှင့် လောင်စာပစ္စည်းများမထားရန် နေအိမ်ခြံဝန်းအတွင်း အမှိုက်များရှင်းလင်းထားရန် ဝါယာကြိုးများပျက်စီးနေသော လျှပ်စစ်ပစ္စည်းများကို အသစ်လဲလှယ်အသုံးပြုရန်စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာပစ္စည်းများကို မြို့နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားချက်နှင့်အညီ တပ်ဆင်ထားရှိရေးတို့ကို အသိပညာပေးခြင်းနှင့် လိုက်လံစစ်ဆေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)