ငဖဲမြို့နယ်၌ နွေရာသီသင်တန်းဖွင့်ပွဲ ကျင်းပ

ငဖဲ မတ် ၄

၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကုန်ဆုံး၍ နွေရာသီကျောင်းပိတ်ရက်ကာလတွင် မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများယဉ်ကျေးလိမ္မာပြီး အကျင့်စာရိတ္တ ပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူချွန်လူကောင်းများဖြစ်လာစေရန်ရည်ရွယ်၍  နွေရာသီသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသားကျောင်းသူများအချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်အတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ရာ သင်တန်းတွင် သင်ကြားပို့ချသည်များကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားသင်ယူကြရန် အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးကျော်ဝင်းက အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများအနေဖြင့် ကျောင်းသားကျောင်းသူများအကျိုးရှိအောင် ထိထိရောက်ရောက် သင်ကြားပေးကြရန်နှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားသည်။

အဆိုပါနွေရာသီသင်တန်းကို အခြေခံပညာမူလတန်းကျောင်းများတွင် ယဉ်ကျေးလိမ္မာ၊ အားကစားသင်တန်း၊ အလယ်တန်းကျောင်းများတွင် ယဉ်ကျေးလိမ္မာ၊ ကင်းထောက်၊ အားကစားသင်တန်းနှင့် အထက်တန်းကျောင်းများတွင် ကင်းထောက်၊ အားကစား၊ ကြက်ခြေနီ၊ ဥပဒေရေးရာသင်တန်းများကို ကျောင်းပေါင်း ၄၉ ကျောင်းတွင် မတ်လ ၃ ရက်နေ့မှ ၉ ရက်နေ့ထိ ၇ ရက်ကြာ စာတွေ့လက်တွေ့ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မယု (ငဖဲ)