မော်လမြိုင် မတ် ၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျောက်တန်ရပ်ကွက်၊ ကျောက်တန်း ကျောင်းဟောင်း၊ လောကမေတ္တာ ဆုတောင်းပြည့် နဂါးရုံဘုရား၊ လောကသန္တာဆုတောင်းပြည့် မြဘုရား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် သံဃာတော်အပါး(၅၅ဝ) တို့အား သံဃဒါန ဆွမ်းဆန်တော် လောင်းလှူပွဲ ဖဲကြိုးဖြတ် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ကျောက်တန်း ကျောင်းဟောင်း ပရိပတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်အရှင်သူမြတ်များအား လူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ အောင်မေတ္တာကျောင်းတိုက်ကြီး၏ ပဓာန နာယက ဆရာတော်ဘဒ္ဒန္တအဂ္ဂဝံသနှင့် ဆရာတော်ကြီးများအား အမှူးထား၍ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက လောကမေတ္တာ ဆုတောင်းပြည့် နဂါးရုံဘုရား၊ လောကသန္တာဆုတောင်းပြည့် မြဘုရား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကို ဇယမင်္ဂလာ အောင်ဂါထာရွတ်ဖတ်ပူဇော်ကာ ဖဲကြိုးဖြတ်၍ မင်္ဂလာအခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ အမှတ် (၈) အခြေခံပညာအထကျောင်းမှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး လောကမေတ္တာ ဆုတောင်းပြည့် နဂါးရုံဘုရားအား ဖူမြှော်ကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ လောကမေတ္တာ ဆုတောင်းပြည့် နဂါးရုံဘုရား၊ လောကသန္တာဆုတောင်းပြည့် မြဘုရား ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပြီး သံဃာတော်အပါး(၅၅ဝ) တို့အား အလှူရှင်များက ဆွမ်းခြောက်များ လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။
၂၀၂၆ ခုနှစ်၊ သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပရိယတ္တိဓမ္မဗိမာန်တော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညို၍ ပန်း၊ ဆီမီးနှင့် ရေချမ်းတို့အား ကပ်လှူပူဇော်ခဲ့ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ “ထူးမခြားနား”သီးချင်းခံဂုဏ်ပြုပူဇော်ခဲ့ကြကာ ပေါင်မြို့ နယ်၊ ပေါင်းရပ်ကွက် ဘုရားကြီးပရိယတ္တိစာသင်တိုက် ဦးစီးပဓါနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒောဘာသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများက မဟာဂန္ထဝါစက ပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာကမ္မဌာနာစရိယ၊ ဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ၊ ကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၁၆)ပါးတို့အား သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ ဓမ္မာရာမတောရ ကျောင်းတိုက် ဦးစီးပဓါန နာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဓမ္မရက္ခိတာလင်္ကာရ အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ အလှူရှင်များက သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)