မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား တက်ရောက်

မကွေး      မတ်     ၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ ဦးစွာ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားမုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

ထို့နောက် မြို့တော်ခန်းမအတွင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်သဝဏ်လွှာအား ဖတ်ကြားသည်။

ယင်းနောက် မကွေးတိုင်းဒေသကြီး (၅)နှစ်တာကာလအတွင်း သီးထပ်တိုးချဲ့စိုက်ပျိုး၍ သီးနှံစိုက် စွမ်းအားတိုးတက်မှု အမြင့်ဆုံးရရှိသည့် ခရိုင်/မြို့နယ်များ၊ တစ်ဧကအထွက်နှုန်းအမြင့်ဆုံးနှင့် မျိုးစေ့ ထုတ်လုပ်ငန်းဆောင်ရွက်မှုများတွင် ထူးချွန်ဆုရရှိသည့် တောင်သူကြီးများ၊ ဆာဖိုးသာ၊ အောင်နိုင်တိုး မျိုးပြောင်းလဲနိုင်မှု အများဆုံးမြို့နယ်နှင့် စိုက်ပျိုးရေးဦးစီးဌာန(Call Center)သို့ စိုက်ပျိုးရေးဆိုင်ရာများအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် တစ်နိုင်ငံလုံး ဒုတိယအများဆုံး ဆုရရှိသူများအား ဂုဏ်ပြုဆု နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆုများးချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍနှင့် သမဝါယမကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ချက် ဗီဒီယိုကို ပြသသည်။

ဆက်လက်၍ Magway Violin Group မှတယော တီးခတ်ဖျော်ဖြေခြင်း၊ ပညာရေးဒီဂရီကောလိပ်ယိမ်းအဖွဲ့မှ “တိုးတက်အလှဝေကျေးလက်မြေ”သီချင်းနှင့် အခြေခံကျန်းမာရေး တက္ကသိုလ်ယိမ်းအဖွဲ့မှ ကျေးလက်အကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ ဖျော်ဖြေတင်ဆက်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုငွေများချီးမြှင့်ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က တောင်သူအသိပညာပေးခင်းကျင်းပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)