နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အားဆေးများ တိုက်ကျွေး

နတ်မောက် မတ် ၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါများမှကာကွယ်နိုင်ရန်အတွက် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်အားဆေးများ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါဌာန၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားရှိ ကျေးရွာများမှ လာရောက်ကြသည့် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာမေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)နှင့် ပြင်းထန်အဆုတ်ရောင် (pcv) စသည့်ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးပြီး ပိုလီယိုအစက်ချဆေးတိုက်ကျွေးခြင်းနှင့် အသက်အုပ်စုအလိုက် ဗီတာမင်(အေ)ဆေးရည်တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ကျန်းမာရေးဆရာမများကလည်း ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာခြင်းနှင့် ဖွံ့ဖြိုးမှုအခြေအနေများကို တစ်ပါတည်းစစ်ဆေးပေးခဲ့ပြီး ကျန်းမာရေးမှတ်တမ်းစာအုပ်များတွင် စနစ်တကျ ရေးသွင်းခဲ့ကြကြောင်း သိရသည်။

လှဝင်း