တပေါင်းလပြည့်နေ့တွင် မုဒုံမြို့နယ်ရှိ ဘုရားပုထိုးစေတီများတွင် ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့်စည်ကား

မုဒုံ မတ် ၂

တပေါင်းလပြည့်နေ့ (မြတ်ဗုဒ္ဓ ပြည်တော်ဝင်အခါတော်နေ့) တွင် မွန်ပြည်နယ် မုဒုံမြို့ရှိ တန်ခိုးကြီးဘုရားစေတီများနှင့် အထင်ကရနေရများတို့၌ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

မြန်မာနိုင်ငံ၏ (၁၂) လရာသီတိုင်းတွင် အလှတရားအမျိုးမျိုးဖြင့် တပေါင်းလသည် နှစ်တစ်နှစ်၏ နောက်ဆုံးလဖြစ်သည်နှင့်အညီ ရွတ်ဟောင်းများကြွေ၍ အနည်းငယ်ပူပြင်းသော်လည်း တောတောင်ရေမြေသဘာဝအလှတရားများဖြင့် အလှဆုံးဖြစ်ရာ သာယာလွမ်းမောဖွယ် ရိုးတံကျဲကျဲ ပင်အိုများအလှခြင်းပြိုင်သော ရာသီပင်ဖြစ်ပြီး မြန်မာလူမျိုးတို့၏ မြတ်စွာဘုရားရှင် ပြည်တော်ဝင်ရန် စတင်ကြွလှမ်းသောနေ့ဖြစ်သည်အတွက် အဆိုပါနေ့ကို အကြောင်းပြု၍ (ပြည်တော်ဝင်သောနေ့) ဟူ၍လည်း ခေါ်ဆိုကြသည်။ ထိုနေ့တွင် မြို့နယ်ရှိ အထင်ကရ ဘုရားစေတီပုထိုးများဖြစ်ကြသည့် အတောင် (၄၀၀) ပြည့်လျောင်း တော်မူဘုရားကြီး၊ ခပ်ခပ်ယူထိုင်တော်မူ ဘုရားကြီး၊ ကန်ကြီးစေတီတော်၊ ကန်ကလေးစေတီတော် စသည့် ဘုရားပုထိုး စေတီများတွင် ဘုရားဖူးလာ ပြည်သူများက စေတီတော်ရင်ပြင် ဂြိုလ်တိုင်များရှိ ဗုဒ္ဓရုပ်ပွားတော်တို့တွင် ရေသပ္ပါယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများ ကပ်လှူပူဇော်ခြင်းတို့ဖြင့် ကောင်းမှုကုသိုလ်ယူကြသည့်အပြင် ဗုဒ္ဓပူဇနိယဘုရားပွဲများ၊ ဘုရားစေတီထီးတော်တင် အလှူမင်္ဂလာပွဲများ၊ ကန်ကြီးကန်ပတ်လမ်းတစ်လျှောက် လာရောက်အပန်းဖြေကြသူများ၊ ငါးအစာကျွေးမွေးသူများနှင့် စတုဒိတာများ ကျွေးမွေးဧည့်ခံခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)