အောင်လံ မတ် ၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့ရှိ သမိုင်းဝင်ကုသိန္နာရုံတောင်တော်၌ (၁၈၄) နှစ်ပြည့်မြောက်သည့် ဗုဒ္ဓမြတ်စွယ်တော်တိုက် ဖွင့်လှစ်အပူဇော်ခံပွဲနှင့် အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ကုသိန္နာရုံတောင်တော်ဘုရားကြီး၏ ဩဝါဒါစရိယဆရာတော်ကြီးထံမှ (၈) ပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် အောင်လံခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အနုမောဒနာကထာ လျှောက်ထားလွှာကို ဖတ်ကြားလျှောက်ထားခဲ့သည်။
ဆက်လက်၍ သမိုင်းဝင်ကုသိန္နာရုံတောင်တော် ဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သိန်းက ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းလျှောက်ထားကာ ဗုဒ္ဓမြတ်စွယ်တော်တိုက်အား ဖွင့်လှစ်အပူဇော်ခံခြင်းနှင့် အနေကဇာတင်လှူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတွင် ကြွရောက်တော်မူကြကုန်သော ဩဝါဒါစရိယဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးများအား လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
အာကာ(ပြန်/ဆက်)