သထုံ မတ် ၂
မွန်ပြည်နယ်အဆင့် (၇၇) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို မတ်လ ၂ ရက်၊ တပေါင်းလပြည့်နေ့ နံနက်က သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသား ဗိမာန်တော်၌ ပြည်နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပအိုဝ်းအမျိုးသားနေ့ မုခ်ဦးအား ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဝဏ္ဏကျော်ထင် ဖြားတန်ခွန်ဥက္ကာ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဥပဒေချုပ် ဦးမြင့်အောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ နယ်မြေခံတပ်နယ်မှူး ဗိုလ်မှူးကြီးစိုးလင်းထွန်းနှင့် ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဖြားခွန်သန်းထူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ သည်။
အခမ်းအနားတွင် (၇၇) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကျင်းပရေး သဘာပတိ၊ ဝဏ္ဏကျော်ထင် ဖြားတန်ခွန်ဥက္ကာက အမှာစကားပြောကြားပြီး နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံမှ (၇၇) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ပြည်နယ် အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက ဖတ်ကြားသည်။
ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးအောင်ကြည်သိန်းထံမှ ပေးပို့သည့် သဝဏ်လွှာအား ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က လည်းကောင်း ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)မှပေးပို့သည့် သဝဏ်လွှာအား ပြည်နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဖြားခွန်သန်းထူးကလည်းကောင်း ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ သဝဏ်လွှာအား ပါတီဥက္ကဋ္ဌ ဖြားခွန်စိုးပုကလည်းကောင်း ဖတ်ကြားကြပြီး ပအိုဝ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံအား ကျင်းပရေးကော်တီဝင် တစ်ဦးတို့က တက်ရောက်ပြောကြားကာ ဒေသခံ တစ်ဦးက ပအိုဝ်းအမျိုးသားနေ့ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ်သိန်း(၂၅၀) အား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက လည်းကောင်း ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည်ရေး အသင်းနာယက ဦးစောမုတ်သုံနှင့်ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်နော်ဖောဖောတို့မှ ထောက်ပံ့သည့် ငွေကျပ် (၄၁၉၇၀၀၀၀)အား ကိုယ်စားလှယ်တစ်ဦးကလည်းကောင်း ပေးအပ်ရာ ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ယခုနှစ်(၇၇)ကြိမ်မြောက် မွန်ပြည်နယ်အဆင့် ပအိုဝ်းအမျိုးသားနေ့ကို တပေါင်းလဆန်း (၁၃)ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ပအိုဝ်းယဉ်ကျေးမှုအကပြိုင်ပွဲနှင့် Miss Pa-O Thuwanakham 2026 ယဉ်ကျေးမှုအလှမယ်ရွေးချယ်ပွဲများ၊ တေးဂီတဖျော်ဖြေရေး အစီအစဉ်များ၊ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ခြင်းနှင့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကျင်းပခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)