ချောင်းဆုံ မတ် ၂
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပရိယတ္တိစာပေများ ထူးချွန်သူရဟန်းရှင်လူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်သံဃာ့နာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပသည့် အစိုးရပါဠိပထမပြန်၊ အဘိဓမ္မာဝိသုဒ္ဓိမဂ်နှင့် ယဉ်ကျေးမှု စာမေးပွဲစာအောင် ဆုနှင်းသဘင်အခမ်း အနားကို ဖေဖော်ဝါရီ (၃)ရက် နံနက်ပိုင်းက ချောင်းဆုံအနောက်ရပ်ကွက်ရှိ မင်းကျောင်းသာသနာ့ ဗိမာန်တော်၌ ကျင်းပသည်။
အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ တကူကနာ မရမ်းကျောင်းဆရာတော်ထံမှ ဉပေါသထသီလ ခံယူကာ ဩဝါဒခံယူပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများက နိုင်ငံတော်အစိုးရ ပါဠိပထမပြန် စာမေးပွဲအောင် အရှင်သူမြတ်တို့အား အဆင့်အတန်းအလိုက် ပင့်ဆောင်ကာ ဆုလက်မှတ် ဆက်ကပ်ခြင်းနှင့် အဘိဓမ္မာ ရိုးရိုးအောင်၊ အဘိဓမ္မာဂုဏ်ထူးအောင်နှင့် ဝိသုဒ္ဓိမဂ်အောင်ပုဂ္ဂိုလ်များအား အဆင့်အတန်းအလိုက် ဆုလက်မှတ်များ ပေးအပ်ကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကို မွန်းတည့် (၁၂)နာရီတွင် ကျင်းပရာ မြို့နယ်လုံးဆိုင်ရာ သံဃာ့ဂိုဏ်ပေါင်းစုံ ပရိယတ္တိ ဟိတကာရီအဖွဲ့၏ မွန်၊ မြန်မာနှစ်ဘာသာရေးဖြေစာမေးပွဲ စာအောင်အရှင်သူမြတ်တို့အား ဆရာတော်၊ သံဃာတော်များနှင့် တာဝန်ရှိသူများက ဆုလက်မှတ် ဆက်ကပ်ခဲ့ကြကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)