နိုင်ငံတော်၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ကြသောတောင်သူလယ်သမား ဦးကြီးများ

မင်းဘူး   မတ်  ၂

မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကာလကတည်းက လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ် ရပ်တည်လာခဲ့သည်။ မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်တွင်နေထိုင်ကြပြီး အများစုမှာ တောင်သူလယ်သမား(သို့မဟုတ်) လယ်ယာစိုက်ပျိုးရေးကို အမှီပြု၍ အသက်မွေးဝမ်းကျောင်း ပြုကြသူများဖြစ်သည်။    

တောင်သူလယ်သမား ဦးကြီးများသည် နိုင်ငံသားအားလုံး၏ စားရေရိက္ခာကို ဖြည့်ဆည်းပေးနေသူများ ဖြစ်သော်လည်း တောင်သူ လယ်သမားများ၏ ဘဝများမှာ အကြောင်းအမျိုးမျိုးတို့ကြောင့် ဆင်းရဲနိမ့်ကျရသည့် ဘဝများတွင် ဖြတ်သန်းနေကြရသူများဖြစ်ပါတယ်။ ထို့ကြောင့် တောင်သူလယ်သမားများ၏ဘဝကို အသိအမှတ်ပြု မြှင့်တင်ကြရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်   မိုးစပါးစိုက်ဧက   ၁၅  သန်း၊  ပန်းတိုင်ရည်မှန်းချက်   တစ်ဧကလျှင်  တင်း ၁၀၀ အထွက် နှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်ပါက တောင်သူ တစ်ဦးချင်း ဝင်ငွေတိုးပွားလာခြင်းမှအစ တိုင်းပြည်အတွက်လည်း ဝင်ငွေပိုမို ရရှိမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး   အတိုင်းအတာအနေနဲ့ ဆန်ဖူလုံမှုဟာ ၁၄၂ ရာခိုင်နှုန်း စားရေရိက္ခာဖူလုံတဲ့ နိုင်ငံဖြစ်ပေမယ့် အဓိကကျတဲ့ ဆန်စားသောက်ကုန် လည်ပတ်ဖူလုံမှု လိုအပ်ချက်တွေ   ရှိနေသေးပါတယ်။   ဒေသတွင်း ဝမ်းစာ စားရေရိက္ခာဖူလုံပိုလျှံပြီး   ပြည်ပကို တင်ပို့ရောင်းချနိုင်ရင်  စီးပွားရေးတိုးတက်လာမှာ ဖြစ်ပါတယ်။

မြန်မာလူမျိုးတို့သည် ဆန်ကို အဓိကစားသုံးသော လူမျိုးများဖြစ်ပြီး ဆန်မှဖြစ်သောထမင်းသည် အသက်ရှင်သန်နေထိုင် ရပ်တည်မှုအတွက် အဓိကကျသော အာဟာရတစ်ခုဖြစ်ပါတယ်။ လူတို့ နေ့စဉ်စားသုံးနိုင်ရန် လိုအပ်သည့်ဆန်ဖြစ်လာရန်အတွက် တောင်သူ လယ်သမားဦးကြီးများက ပင်ပန်းဆင်းရဲ ကြီးစွာဖြင့် လုပ်ကိုင်ကြရသဖြင့် တောင်သူဦးကြီးများကို ဂုဏ်ပြုကြရမှာဖြစ်ပါတယ်။

မျက်မှောက်ကာလတွင် နိုင်ငံတော်အစိုးရက တောင်သူလယ်သမားများပါဝင်သည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများကို မြှင့်တင်ကူညီအားပေးလျက်ရှိပြီး တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး၊ တောင်သူလယ်သမားများ အဓိကလိုအပ်သည့် စိုက်ပျိုးမြေ၊ ရေ၊ နည်း၊ သွင်းအားစုတို့ကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စိုက်ပျိုးစရိတ်များကိုလည်း နှစ်စဉ် ချေးပေလျက်ရှိပါတယ်။

ထို့အပြင် ဆည်မြောင်းတာတမံများ၊ ရေထိန်းတံခါးများ၊ သောက်သုံးရေနဲ့ စိုက်ပျိုးရေများဟာ နေရာအနှံ့နီးပါးရရှိနေခြင်း၊ လျှပ်စစ်မော်တော်ယာဉ်တွေသုံးစွဲဖို့ တာစူနေတာ၊ ရေအားလျှပ်စစ်ရဖို့ နေရောင်ခြည်စွမ်းအင်ရဖို့ ကြိုးပမ်းမှုတွေဟာ ကျေးလက်ဒေသဖွံ့ဖြိုးဖို့ ဖြစ်တာမို့ တောင်သူလယ်သမားတို့အဖို့ စိတ်အေးရပြီ ဖြစ်ပါတယ်။

သို့သော် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက် တစ်ခုဖြစ်သည့် စားရေရိက္ခာဖူလုံရေးအတွက် အဓိက ဖြည့်ဆည်းကြိုးပမ်းဆောင်ရွက်ပေးသူများ၊ ပြည်သူများ၏ အဓိကစားရေရိက္ခာဖြစ်သည့် ဆန်ကိုလုံလောက်အောင် စိုက်ပျိုးထုတ်လုပ်ပေးသူများနှင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းစွမ်းဆောင်နေကြသူများမှာ တောင်သူလယ်သမားဦးကြီးများပင်ဖြစ်ပါတော့သည်ဟု ဂုဏ်ပြု မှတ်တမ်းတင်လိုက်ချင်ပါတော့သည်။  ။

ဇေယျာနိုင်(ရွှေကန်မြေ)