ကံမမြို့နယ်၌ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန် နွေစပါး (၂၀၂၀)ဧက လျာထား စိုက်ပျိုးလျက်ရှိ

ကံမ မတ် ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ​ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန်အတွက် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါး (၂၀၂၀)ဧက စိုက်ပျိုးရန်လျာထားပြီး မဒေးရေလှောင်တမံနှင့် ခြောက်ထောင့် ဆိုလာလျှပ်စစ် မြစ်ရေတင်တို့မှ စိုက်ပျိုးရေများကို ဖေဖော်ဝါရီ (၁)ရက်နေ့မှစတင်၍ ဆည်‌မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနက စနစ်တကျ ပေးဝေလျက်ရှိသည်။

ထိုသို့ နွေစပါးစိုက်ပျိုးရာတွင် အချိန်နှင့်လုပ်အားခသက်သာပြီး စိုက်စနစ်မှန်ကန်စေရန်အတွက် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder)များကို အသုံးပြု၍ စိုက်ပျိုးလျက်ရှိကြောင်း တစ်နှစ်လျှင် (၃)သီး စိုက်ပျိုးနိုင်ရန် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းမွန်သည့် အောင်နိုင်တိုးနှင့် ဆာဖိုးသာစပါးမျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း ဖေဖော်ဝါရီလကုန်အထိ လျာထား (၂၀၂၀)ဧကအပေါ်တွင် ရေဝင်ဧက (၁၇၁၉)ဧက၊ မြေပြင်ဆင်ပြီးစီးမှု (၁၄၆၆)ဧကနှင့် စိုက်ပျိုးပြီးစီးမှု (၈၆၉)ဧက ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး အထွက်နှုန်းကောင်းမွန်စေရန်အတွက် နည်းပညာနှင့် အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

ကျော်ဇေယျဝင်း(ကံမ)