လက်ပံတန်း မတ် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဈေးသူဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့မစည်ပင်သာယာဈေး၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးလင်းကျော်က မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ဈေးအတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ၊ရေလှောင် ကန်များတွင်ရေများအဆင့်အသင့် ရှိစေရေး၊ အသေးစားမီးသတ်စက်များ အဆင်သင့် စီမံဆောင်ရွက်ထားရှိစေရေး၊ လျှပ်စစ်မီးသွယ်တန်း ထားရှိမှုများ စနစ်တကျရှိစေရေးနှင့် ဈေးသူဈေးသားများမှ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန်အချက်များကို အသိပညာပေး ကွင်းဆင်းစစ်ဆေးပြီး၊ မီးသတ်ဆေးဘူး အသုံးပြုပုံအား ရှင်းလင်းပြသ၍ ရေစိုဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရေဖြင့်မီးငြှိမ်းသတ်ခြင်း များကို လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြလေ့ကျင့်ခြင်းကို လက်ပံတန်းမြို့နယ်စီမံခန့် ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီ အဖွဲ့ဝင် ဦးထွန်းမြိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီပင်သာယာရေးအဖွဲ့အမှု ဆောင်အရာရှိနှင့်စည်ပင် သာယာဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ဈေးတာဝန်ခံ များနှင့် စျေးသူ/စျေးသားများ၊ ဈေးအကျိုး တော်ဆောင်ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ တက်ရောက်၍ လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)