ပခုက္ကူ ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များအကြောင်း ရှင်းလင်းပြောကြားကာ “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်စာရေးစာ သင်းမှ အတွင်းရေးမှူး စာရေးဆရာမ အသွင်ဆန်း(ပခုက္ကူ)က “ဘဝခရီးဖြတ်ကျော်နည်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ မြမှူးသခင်က “မေတ္တာဂရုဏာရှေ့ထား မီးအိမ်ရှင်တို့ နှလုံးသား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အောင်ဝင်း(မျိုးချစ်သူ-ရေစကြို)က လောကကိုအလှဆင်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် မြို့နယ်စာရေးဆရာအသင်းမှ စာအုပ်များလှူဒါန်းပေးခဲ့ပြီး သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဟောပြောပွဲသို့ တက်ရောက်လာကြသော သင်တန်းသူ/သားများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေးနံကပ်စာစောင်များ၊ ပိုစတာများအား လေ့လာမှတ်သား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယ်ခွေ