ပွင့်ဖြူမြို့နယ်၌ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်လှစ်ပို့ချ

ပွင့်ဖြူ ဖေဖော်ဝါရီ

မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတပ်ရင်းမှူး ဦးဇော်ဝင်းခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် သင်တန်းတွင် ဖွင့်လှစ်သင်ကြားပေးမည့် အခြေခံရှေးဦးသူနာပြုစုနည်းဆိုင်ရာများအကြောင်းကို ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတပ်ရင်းမှူး ဦးဇော်ဝင်းခိုင်နှင့် သင်တန်းနည်းပြ ဆရာများကတက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများကို ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး အသက်ကယ် ‌အခြေခံရှေးဦးပြုစုနည်း စနစ်များ၊ ထိခိုက်ဒဏ်ရာ အခြေခံရှေးဦးပြုစုနည်းစနစ်များ၊ ရှာဖွေကူညီကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ကြက်ခြေနီတပ်ဖွဲ့၏ တာဝန်ယူဆောင်ရွက်ရသည့်လုပ်ငန်းများကို စာတွေ့လက်တွေ့ စနစ်တကျဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီရးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် အသင်းသား၊ အသင်းသူများ တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းအား မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီခွဲအထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)