စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ Inter-Disciplinary Hackathon ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်  

မုံရွာ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်ပေါင်းစုံ Jnter-Disciplinary Hackathon ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဘွဲ့နှင်းသဘင်ခန်း မတွင်ကျင်းပပြုလုပ်ရာအခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီ‌ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ခေတ်သည် နည်းပညာ အရှိန်အဟုန်ဖြင့် တိုးတက်နေသည့် Digital ခေတ်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် သဘာဝသယံဇာတများထက် လူသားသယံဇာတနှင့် နည်းပညာကျွမ်းကျင်သည့် လူငယ်မောင်မယ်များ၏အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ယခုပြိုင်ပွဲမှ ထွက်ပေါ်လာမည့် ဆန်းသစ်သည့် Idea များ၊ နည်းပညာအဖြေ Digital Solutions များသည် နောင်တချိန်တွင် မိမိတို့တိုင်းဒေသကြီးနှင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် လက်တွေ့အသုံးချနိုင်မည့် အခြေခံအုတ်မြစ်များ ဖြစ်လာမည်ဟုယုံကြည်ပါကြောင်း၊ နိုင်ငံတော်အနေဖြင်လည်း နည်းပညာကဏ္ဍနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် အစဉ်တစိုက် အားပေးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မောင်တို့မယ်တို့အားလုံးသည် မိမိတို့၏အရည်အချင်းများအား အစွမ်းကုန်ထုတ်ဖော်ပြသပြီး မိမိတို့တက္ကသိုလ်နှင့် မိမိတို့နိုင်ငံအတွက်အားကိုးထိုက်သည့်ပညာရှင်ကောင်းများ ဖြစ်လာကြစေရန် ကြိုးပမ်းအားထုတ်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ပါမောက္ခချုပ် ဒေါက်တာစိုးစိုးခိုင်က Inter-Disciplinary Hackathon ပြိုင်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ပါမောက္ခချုပ်ထံ ငွေကျပ် ၂၅ သိန်းအား ပေးအပ်ချီးမြှင့် သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၃ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)