မုံရွာ ဖေဖော်ဝါရီ ၂၆
နိုင်ငံတော်မှချမှတ်ထားသည့် ဦးတည်ချက်များအနက် လူမှုရေး ဦးတည်ချက်တွင် ပါဝင်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျူံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင်တင်ဆောင်ရွက်ရေး”ဟူသည့် ဦးတည်ချက်အား အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၆-ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်း အနားကို ဖေဖော်ဝါရီလ ၂၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ နွေရာသီအခြေခံအားကစားသင်တန်းများအား နှစ်စဉ်နွေရာသီကျောင်းပိတ်ရက်ကာ လတွင် ကျောင်းသား၊ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အားကစားကို စိတ်ပါဝင်စားစလာစေရန်၊ ဗလငါးတန်ဖြင့်ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်သည့် လူငယ်လူ ရွယ်များ ဖြစ်လာစေရန်၊ မိမိဝါသနာပါရာ အားကစားနည်းများအား လေ့လာလိုက်စားခြင်းမှ အဆင့်ဆင့်ကျွမ်းကျင်တက်မြောက်ကာ စဉ်ဆက်မပြတ်လေ့ကျင့်ပြီး နိုင်ငံတော်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ+အနေဖြင့် လည်းနည်းပြများ၏ သင်ကြားပို့ချက်များအား ကြိုးစားသင်ယူလေ့ကျင့်ပြီး ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်မှ နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များအဆင့်ထိရောက်ရှိအောင် ကြိုးစားအားထုတ်သွားကြရန် လိုအပ်ပါကြောင်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများမှ သင်တန်းသား၊သင်တန်းသူများ၏ ဘောလုံး၊ ကရာတေး၊ Fitness Dance သရုပ်ပြ သမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သရုပ်ပြသခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အားကစားအထောက်အကူပြု ပစ္စည်းများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၆-ခုနှစ်၊ နွေရာသီအားကစားသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၆-ခုနှစ်၊ နွေရာသီ အခြေခံအား ကစားသင်တန်းများကို အားကစားနည်း ၁၃ မျိုးအား ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၃၁ ရက်နေ့အထိ သင်တန်းသား၊သင်တန်းသူ - ၅၅၀ ဦးဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)