ဟုမ္မလင်းမြို့၌ (၅)နှစ်အောက်ကလေးငယ်များအား Vitamin-A နှင့် သံချဆေးများတိုက်ကျွေး

ဟုမ္မလင်း  ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် ကလေးငယ်များ ရောဂါဘယကင်းဝေးပြီး ဗလငါးတန်ဖွံ့ဖြိုးသည့်ကလေးများဖြစ်လာစေရန်အတွက်  (၅)နှစ်အောက်ကလေးငယ်များအား Vitamin-A နှင့် သံချဆေးများတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့ပြည်သူ့ ကျန်းမာရေးဌာနကကွင်းဆင်းဆောင်ရွက်ခဲ့သည်။     

ထိုသို့ဆောင်ရွက်ရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက (၅)နှစ်အောက် ကလေးငယ်များအား ခန္ဓာကိုယ်ပေါင်ချိန်ပေးပြီး Vitamin-A နှင့် သံချဆေးများ တိုက်ကျွေး ခဲ့ကြသည်။ အဆိုပါကာကွယ်ဆေးတိုက်ကျွေးခြင်းကို (၁)နှစ်လျှင် (၂)ကြိမ်နှုန်းဖြင့်ဆောင်‌ရွက် ပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် ဒုတိယအကြိမ် ထပ်မံဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။ 

အဆိုပါကွင်းဆင်း တိုက်ကျွေးဆောင်ရွက်ခြင်းကို ကျန်းမာ‌ရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမူလတန်းကြိုကျောင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမူကြိုကျောင်း၊ (CCDC)ကိုယ်ပိုင်မူကြိုကျောင်း၊ မြို့ပေါ်ရပ်ကွက်ရှိ မိခင်ဝိုင်းမူကြိုကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျေးရွာအုပ်စုနှင့် ကျေးရွာများသို့လည်း ဆက်လက်ပြီးကွင်းဆင်း တိုက်ကျွေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။                     

ဟုမ္မလင်း(ပြန်/ဆက်)