ကန့်ဘလူမြို့မစျေး၌ ပလတ်စတစ်အိတ် လျော့ချသုံးစွဲရေးနှင့်အစားထိုးအသုံးပြုရန် Recycle Bag အိတ်များ အခမဲ့ဖြန့်ဝေပေး

ကန့်ဘလူ ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့မစျေး၌ ပလတ်စတစ်အိတ် လျော့ ချသုံးစွဲနိုင်ရေးအတွက် စျေးရောင်းချသူများအား Recycle Bag အိတ်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စျေးတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့များက စျေးရောင်းချသူများအား ပလတ်စတစ်အိတ် လျော့ချသုံးစွဲ ရေးအတွက် Recycle Bag အိတ်များကို ဖြန့်ဝေပေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ထိန်းသိမ်းရန်၊ သက်ရှိများ၏ ဂေဟစနစ်များနှင့်လူတို့၏ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် လူတစ်ဦးချင်းအနေဖြင့် ပလတ်စတစ်အိတ် အသုံးပြု/စွန့်ပစ်မှုများကို လျော့ချခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့်ပလတ်စတစ်အိတ်သုံးစွဲမှုအစား သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိ သည့် ထုပ်ပိုးပစ္စည်းများကို ပြောင်းလဲသုံးစွဲကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက စျေးသူစျေးသား များ၊ စျေးဝယ်လာသူ ပြည်သူများအား ” ပတ်ဝန်းကျင်သာယာလှပစေဖို့ ပလတ်စတစ်အမှိုက်ကင်းစင် ရေး ဆောင်ရွက်စို့ ” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)