ဆင်ပေါင်ဝဲမြို့နယ်တွင် အိုင်အိုဒင်းဆားရောင်းချမှု အရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် အိုင်အိုဒင်းဆားရောင်းချမှု အရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက ဆင်ပေါင်ဝဲမြို့မစျေးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက  ဆင်ပေါင်ဝဲမြို့မဈေးအတွင်းနှင့် ဈေးပြင်ပရှိ ကုန်စုံဆိုင်များတွင် ရောင်းချသော အိမ်သုံးဆားများ၌ အိုင်အိုဒင်းအရည်အသွေးပြည့်မီမှု ရှိ၊မရှိ စစ်ဆေးခဲ့ကြပြီး အရည်အသွေးပြည့်မီသော ဆားများကိုသာ ရောင်းချရန်၊ အိုင်အိုဒင်းဓာတ်လေလွှင့်ဆုံးရှုံးမှုမရှိရေး လုံခြုံစွာဖုံးအုပ်အသုံးပြုကြရန်၊ အေး၍ခြောက်သွေ့သောနေရာထားရန်၊ စိုစွတ်သော နေရာမထားရန်နှင့် အိုင်အိုဒင်းဓာတ်သည် ခန္ဓာကိုယ်ကြီးထွားစေခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်းတို့အတွက် အရေးပါသော သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ရာတွင် မရှိမဖြစ်သော အာဟာရဓာတ်တစ်ခုဖြစ်ကြောင်း၊ အိုင်အိုဒင်းဓာတ်ချို့တဲ့ပါက ကိုယ်ဝန်ဆောင် မိခင်များတွင် သားပျက်၊ သားလျှောခြင်း၊ ကလေးအသေမွေးဖွားခြင်း၊ ကလေးများခန္ဓာကိုယ်ကြီးထွားမှုနှေးကွေးခြင်း၊ ဉာဏ်ရည်နိမ့်ပါးခြင်းနှင့် ကလေး၊ လူကြီးမရွေး လည်ပင်းကြီးရောဂါခံစားရခြင်း၊ သွက်လက်မှုမရှိဘဲ ထုံထိုင်းနှေးကွေးခြင်း စသည့် ရောဂါများခံစားရနိုင်ကြောင်းကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)