လပွတ္တာမြို့နယ်တွင် ခရီးသည်တင်ရေယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့်နေရာအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

လပွတ္တာ ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်မီးသတ်စခန်းနှင့်ရေမိုင် ၈ မိုင်ခန့်ကွာဝေးသော ဆားကျင်းကျေးရွာအုပ်စု၊ ရင်ဒီးလေးကျေးရွာအနီး ဆားကျင်းချောင်းအတွင်း ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် စက်လှေတစ်စီးနစ်မြှုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဥ်အား တာဝန်သိပြည်သူတစ်ဦးမှ ညနေ ၆ နာရီခွဲအချိန်သတင်းပေးပို့သဖြင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိမ်းကိုကို ဦးစီး(၁+၆)ဦး တို့သည် မြို့နယ်အထောက်အကူပြုရေယာဥ်ဖြင့် အခင်းဖြစ်နေရာသို့သွားရောက်ခဲ့ရာ အဆိုပါ ခရီးသည်တင်ရေယာဉ်တွင်ခရီးသည် စုစုပေါင်း (၂၈) ဦးလိုက်ပါစီးနင်းခဲ့ပြီး မောင်တည်ကြည်ခန့် အသက် (၅)နှစ် ကလေးငယ်တစ်ဦးသေဆုံးခဲ့‌ကြောင်းနှင့် ကျန်ရှိနေသည့်ခရီးသည်များအား အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ယူ၍ လိုအပ်သည်များဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါခရီးသည်တင်ရေယာဉ်နစ်မြှုပ်မှုဖြစ်ပွားရာသို့ ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရေယာဉ်များစနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အဆိုပါခရီးသည်တင်ရေယာဉ်နစ်မြှုပ်မှုအား ပြန်လည်ဆယ်တင်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)