ဟင်္သာတမြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ နေအိမ်များ အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်

ဟင်္သာတ ဖေဖေါ်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်နှင့် တိုင်းဒေသကြီးအတွင်း မြို့နယ်(၁၂) မြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ နေအိမ်များ အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း မိတ်ဆက်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ဟင်္သာတမြို့နယ် ကိုင်းချောင်းအုပ်စု၊ မကျီးတောကျေးရွာတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်အဖွဲ့မှ Zoom Meeting ဖြင့် တက်ရောက်ခဲ့ပြီး ခရိုင်၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ သက်ဆိုင်ရာကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ နေအိမ်များ အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်း လုပ်ငန်းများကို မြို့နယ် (၁) မြို့နယ်လျှင် နေအိမ် (၃၀၀) လုံးဖြင့် (ပုသိမ်၊ ကန်ကြီးထောင့်၊ မအူပင်၊ ဓနုဖြူ၊ ညောင်တုန်း၊ ဖျာပုံ၊ ရေကြည်၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း) စသည့် မြို့နယ် ( ၁၂) မြို့နယ်တွင် နေအိမ်( ၃၆၀၀) လုံးကို ရန်ပုံငွေကျပ် (၂၇၀.၄၈၀) သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရန် စာရင်းကောက်ယူရေး လုပ်ငန်းများကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများပူးပေါင်းကာ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ မသန်စွမ်းများ ဦးဆောင်သည့်နေအိမ်များနှင့် ဆင်းရဲနွမ်းပါးသည့် နေအိမ်များကို ရွေးချယ်ခဲ့ပြီး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)