ပွင့်ဖြူ ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မုန်းမြင့်ကျေးရွာအုပ်စု၊ သမော်အင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆီထွက်သီးနှံ ဝင်ငွေတိုးစိုက်ပျိုးရေးလုပ်ငန်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လှကြူနွဲ့နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက သမော်အင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် မြေပဲ၊ နေကြာဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများနှင့် လအလိုက် ဖြည့်သွင်းရမည့် ငွေစာရင်းဇယားပုံစံများ ပြည့်စုံမှု ရှိ၊ မရှိတို့ကို ကြည့်ရှု စစ်ဆေးပြီး စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ဒုတိယဦးစီးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၃၅ ဦးကို စတုတ္ထအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေကျပ် ၁၀ ဒသမ ၈ သန်း ထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများကို အောင်မြင်စွာ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )