ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ ဖေဖော်ဝါရီ ၂၃

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦး‌စွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်၊ ရွှေစေတီဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ရောက်ရှိကြပြီး ဆုတောင်းပြည့် မဟာကျန်ရုပ်ရှင်တော်မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး ဆရာတော်ကြီးအား ဖူးမြော်ကြကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ခု၊ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံး၊ ငွေရင်း အသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ရွှေစေတီဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် (၅၀ ပေx ၂၀ ပေ) RC နှစ်ထပ် ကျောင်းဆောင်ဆောက်လုပ်ခြင်းအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ပြည်နယ်ဦးစီးမှူးက RC နှစ်ထပ် ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုနှင့်ပတ်သက်၍ ရှင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ RC နှစ်ထပ် ကျောင်းဆောင်ပြီးစီးမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေစေတီဘုန်းတော်ကြီးကျောင်းတွင် ကျောင်းဆောင်အောက်ထပ် စကျင်ကျောက်ပြားခင်းခြင်း၊ အတွင်းနံရံဆေးသုတ်ခြင်းနှင့် သစ်သားတိုင်များအား ရွှေဆေးသုတ်ခြင်းအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံး၊ ငွေရင်း အသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်ရှိ အိမ်စိုးမေမိဘုန်းတော်ကြီးကျောင်းတိုက် (၆၀ ပေ x ၃၀ ပေ) RC နှစ်ထပ်ကျောင်းဆောင်ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ပြည်နယ်ဦးစီးမှူးက RC နှစ်ထပ် ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများပြည့်မီရေး၊ ဘဏ္ဍာနှစ်အတွင်းလုပ်ငန်းများ ပြီးစီးစေရေး၊ စေတနာထားဆောင်ရွက်သွားကြရန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ RC နှစ်ထပ် ကျောင်းဆောင်ဆောက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွာကြီးတောင်ရပ်ကွက်ရှိ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)