ပခုက္ကူတက္ကသိုလ်၌ တိရစ္ဆာန်ရုပ်လုံးသွင်းအတတ်ပညာသင်တန်း ဖွင့်လှစ်ပို့ချ

ပခုက္ကူ ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူတက္ကသိုလ်၌ တိရစ္ဆာန်ရုပ်လုံးသွင်းအတတ်ပညာသင်တန်းကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က သတ္တဗေဒဌာနတွင် ဖွင့်လှစ်ပို့ချသည်။

သင်တန်းဖွင့်ပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူတက္ကသိုလ်၊ သတ္တဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာလဲ့လဲ့ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်   ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တိရစ္ဆာန်ရုပ်လုံးသွင်းပညာရှင် သင်တန်းနည်းပြ ဦးမျိုးနိုင်က သင်တန်းကာလအတွင်း သင်ကြားပို့ချပေးမည့် တိရစ္ဆာန်ရုပ်လုံးသွင်းအတတ်ပညာဆိုင်ရာများအကြောင်း ရှင်းလင်းပြောကြားပြီး သင်တန်းဆက်လက်ပို့ချသင်ကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ပခုက္ကူတက္ကသိုလ်၊ သတ္တဗေဒဌာနမှ ပထမနှစ်မှ မဟာသိပ္ပံ(ဒုတိယ)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ ၇၄ ဦး တက်ရောက်မည်ဖြစ်ပြီး ကြွက်၊ ကြက်၊ ဘဲ၊ ငှက်၊ ငါးနှင့် ပုစွန်တိရစ္ဆာန်များ ရုပ်လုံးသွင်းသည့် အတတ်ပညာရပ်များကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၆ ရက်အထိ စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)