ငွေဆောင် ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့ဌာနဆိုင်ရာများနှင့် Myanmar Underwater Federation မှ ဦးဆောင်၍ နှစ်စဉ်ကျင်းပလျက်ရှိသည့် ကမ်းခြေစုပေါင်း အမှိုက် ကောက်ပွဲအား ယမန်နေ့ နံနက်ပိုင်းက ငွေဆောင်ကမ်းခြေ ၊ ချစ်သူများကျွန်းရှေ့ ကမ်းခြေတစ်လျှောက်တွင် ဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းကိုမှ အဖွင့်အမှာစကားပြောကြားရာတွင် ငွေဆောင်မြို့တွင် Beach clean up ပွဲကို ကျင်းပလာသည်မှာ (၇) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ ကမ်းခြေခရီးသွားလုပ်ငန်း စဥ်ဆက်မပြတ် ဆက်လက်တိုးတက်စေနေရေး၊ ပင်လယ်ကမ်းရိုးတန်း သယံဇာတသဘာဝပတ်ဝန်းကျင်မပျက်စီးစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး၊ ပင်လယ်ပြင်ညစ်ညမ်းမှုမဖြစ်စေရေး၊ အမှိုက်ကင်းစင်သည့် ကမ်းခြေဖြစ်စေရေး၊ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေးတို့အတွက် ကမ်းခြေသန့်ရှင်းသာယာလှပရေးအား ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် KBZ Bank မှ တာဝန်ရှိသူတစ်ဦးက Beach clean up အစီအစဥ်တွင် ပါဝင်ဖြစ်ပုံကိုပြောကြားပြီး Rotary Club of Yangon မှ တာဝန်ရှိသူတစ်ဦးက အမှိုက်အမျိုးအစားများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကာ ကမ်းခြေသန့်ရှင်းသာယာလှပရေးအား အဖွဲ့(၂)ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဟိုတယ်ဝန်ထမ်းများ ၊ Myanmar Underwater Federation အဖွဲ့သားများ၊ Trash hero အဖွဲ့သားများနှင့် အခြားအဖွဲ့အစည်းများမှ စုစုပေါင်းအင်အား(၂၀၀)ဦးခန့်ဖြင့် ချစ်သူများကျွန်းရှေ့ ကမ်းခြေတစ်လျှောက်တွင် စုပေါင်းအမှိုက်ကောက်ခဲ့ကြပြီး အမှိုက်များကို မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျသိမ်းဆည်းပေးခဲ့ကြောင်း သိရသည်။
ကျော်လင်းဦး(ပြန်/ဆက်)