ပုသိမ် ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လက်မှတ်ရပိုးသတ်ဆေးသတ်ဆေးသုံးစွဲသူများသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၁/၂၀၂၆)ကို ပိုးသတ်ဆေးဥပဒေအား သက်ဝင်လှုပ်ရှားစေရန်၊ ပိုးသတ်ဆေးနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ်ကိုသိရှိနားလည်ပြီး စနစ်တကျ ကိုင်တွယ်သုံးစွဲတတ်စေရန်၊ ဘက်စုံသီးနှံကာကွယ်ရေးလုပ်ငန်းစဉ်တွင် ဓာတုနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်း ထိရောက်အောင်မြင်စေရန်၊ ဘေးကင်းလုံခြုံစိတ်ချရသော စားသုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်မပျက်စီးစေပဲ ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အထောက်အကူပြုစေရန် စသည့်ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းမှ သင်ကြားပို့ချလိုက်သည့် နည်းပညာများကို လေ့လာမှတ်သားပြီး တိတိကျကျလိုက်နာကျင့်သုံးကာ သီးနှံအထွက်တိုးရေးကို အထောက်အကူဖြစ်အောင် ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုတက်ရောက်လာသည့် သင်တန်းသားများအနေဖြင့် မိမိတို့လေ့လာသင်ယူမှတ်သားရရှိသည့် အတွေ့အကြုံ၊ ဗဟုသုတ၊ ပညာရပ်တွေကို မိမိတိုးနှင့်နီးစပ်ရာ တောင်သူများ၊ စိုက်ပျိုးထုတ်လုပ်သူများသာမက ရောင်းဝယ်ဖောက်ကားနေကြသည့် ပုဂ္ဂိုလ်များအထိ ပညာဗဟုသုတများ မျှဝေပေးကြရန်လိုပါကြောင်း အမှာစကားပြောကြားခဲ့သည်။
အဆိုပါ သင်တန်းအား ယခုလ (၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ (၃)ရက် ပို့ချမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀၀)ဦး တက်ရောက်ကြောင်း သိရှိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)