စစ်တွေ ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြပြီး စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာတွင် ဟင်းသီးဟင်းရွက် အထူးဇုန် (၅၀) ဧက စိုက်ခင်းကွင်းသရုပ်ပြပွဲနှင့် တောင်သူများအား ဆေးဖျန်းပုံးနှင့် ဓာတ်မြေဩဇာများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များနှင့် လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တွင် တည်ထားပူဇော်လျက်ရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု အားပေးကြသည်။ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများက စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊ ပေါင်းပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် လောကာနန္ဒာစေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လောကာနန္ဒာစေတီတော်မြတ်ကြီး သန့်ရှင်းသာယာလှပရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည့် ဝန်ထမ်းများသည် ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်းရေးဆောင်ရွက်ခြင်းနှင့် လောကာနန္ဒာစေတီတော်မြတ်ကြီး အနီးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ ခဝါသည်ချောင်း မြေထိန်းနံရံတည်ဆောက်ခြင်းနေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဥပဒေချုပ်က ခဝါသည်ချောင်း မြေထိန်းနံရံတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီရေး၊ အချိန်မီပြီးစီးနိုင်ရေး စေတနာထားဆောင်ရွက်သွားကြရန် မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာတွင် ဟင်းသီးဟင်းရွက်အထူးဇုန် (၅၀)ဧက စိုက်ခင်းကွင်းသရုပ်ပြပွဲနှင့် တောင်သူများအား ဆေးဖျန်းပုံးနှင့် ဓာတ်မြေဩဇာများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့နယ်အတွင် ဟင်းသီးဟင်းရွက်(ဆောင်း) (၁၁၄၈)ဧက စိုက်ပျိုးခဲ့ပြီး ဒါးပိုင်ကျေးရွာတွင် (၁၂၈) ဧက စိုက်ပျိုးထားရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆောင်ရွက်ရာတွင် ဈေးကွက်ရရှိရန်၊ နည်းပညာပံ့ပိုးမှုများ ပိုမိုလွယ်ကူစေရန် စပါး၊ မြေပဲ၊ နေကြာအထူးဇုန် စသည့်ဖြင့် သီးနှံအလိုက် ဇုန်များသတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိရာ ဒါးပိုင်ကျေးရွာတွင် ဆောင်းသီးထပ် ဟင်းသီးဟင်းရွက်ကို အဓိကထား စိုက်ပျိုးသည့်အတွက် ဟင်းသီးဟင်းရွက်ဇုန်အဖြစ်သတ်မှတ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးရာတွင် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာသုံးစွဲမှု ပိုးသတ်ဆေးအသုံးပြုမှုများရှိသည့်အတွက် ပိုးသတ်ဆေးသုံးစွဲရာတွင် စနစ်တကျ ကိုင်တွယ်သုံးစွဲမှ စိုက်ပျိုးထုတ်လုပ်သူနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ ကွင်းသရုပ်ပြပွဲတွင် ဆောင်ရွက်ထားရှိသည့် ဆောင်းသီးနှံဟင်းသီးဟင်းရွက် အထူးဇုန် (၅၀) ဧက အောင်မြင်ဖြစ်ထွန်းမှုများကို တောင်သူများ သိရှိလေ့လာနိုင်အောင် ဖိတ်ခေါ်ပြသခြင်းနှင့် စိုက်ပျိုးရေးနည်းစနစ်များကို လိုက်နာကျင့်သုံးပြီး အောင်မြင်အောင် စိုက်ပျိုးပြသခဲ့သည့် တောင်သူများကို ဓာတ်မြေဩဇာနှင့် ဆေးဖျန်းပုံးများ ချီးမြှင့်ပေးအပ်သည့် ပွဲဖြစ်ကြောင်း၊ အထူးဇုန် ဧက(၅၀)တွင် ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ ပန်းမုန်လာ၊ မြေထောက်ပဲ၊ ကန်စွန်းဥ၊ ဖူးစားပြောင်း၊ မြေပဲစသည့် သီးနှံများ စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးရေရရှိရေးအတွက် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး စက်ရေတွင်း (၂၈)တွင်း ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဖျန်းပုံးများကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ရရှိသည့်သွင်းအားစုများကို စနစ်တကျထည့်သွင်းပြီး အထွက်နှုန်းတိုးတက်ရေးအပြင် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဆောင်းသီးနှံ ဟင်းသီးဟင်းရွက် အထူးဇုန်(၅၀) ဧက ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများအား ဆေးဖျန်းပုံးနှင့် ဓာတ်မြေဩဇာများ ချီးမြှင့်ပေးအပ်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာ၌ ဆောင်းသီးနှံစိုက်ပျိုးနိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆိုလာစနစ်ဖြင့် ရေရရှိရေး ဆောင်ရွက်ပေးထားမှုနှင့် ဟင်းသီးဟင်းရွက်အထူးဇုန် (၅၀)ဧကတွင် တောင်သူများ၏ ဆောင်းသီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)