ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေး

ပုသိမ် ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်မြို့နယ်၊ အင်ပင်တိုက်နယ်ရှိ ဒေသခံပြည်သူများအား ဟင်္သာတမြို့၊ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြန်အောင်မြို့နယ်၊ အင်ပင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဟင်္သာတမြို့၊ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့် အထူးကုဆရာဝန်များ ပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးပြီး လာရောက်ကုသသော ဒေသခံပြည်သူများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ အဆိုပါဆေးကုသမှုအစီအစဉ်တွင် အထွေထွေရောဂါလူနာ (၁၄၆) ဦး၊ အရိုးလူနာ (၉၅) ဦး၊ အကြောအဆစ် (၃၇) ဦး၊ ခွဲစိတ်လူနာ (၁၂) ဦး၊ သားဖွားမီးယပ်လူနာ (၁၃) ဦး၊ ကလေးလူနာ (၁၈) ဦး၊ သွားနှင့် ခံတွင်းလူနာ (၁၈) ဦး၊ စိတ်ကျန်းမာရေးလူနာ (၆) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းလူနာ (၃၆) ဦး၊ အရေပြားလူနာ (၅၇) ဦး၊ မျက်စိလူနာ (၁၆၉) ဦး စုစုပေါင်းလူနာ (၆၀၇) ဦးနှင့် ညွှန်းပို့လူနာ ကျား ၃၂ ဦး၊ မ၃၁ ဦး ၊ ECG ကျား ၃ဦး၊ မ ၆ ဦးတို့အား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါကြောင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည့် Grade-12 သင်ဆရာ၊ ဆရာမများ၊ Grade-12 ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး “တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နှစ်စဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘာသာရပ်ဆိုင်ရာသိကောင်းစရာ ဆွေးနွေးဟောပြောပွဲများကိုလည်း တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများဖြင့် ပြုလုပ်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အားနည်းသည့် ဘာသာရပ်များအလိုက် ထိရောက်စွာ အချိန်ပိုသင်ကြားခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်တန်းအကြိုစာမေးပွဲများကိုလည်း ဖြေဆိုပြီးဖြစ်၍ ကျောင်းသားကျောင်းသူများ၏ အားနည်းချက်အားသာချက်များအလိုက် ပိုမိုဖြည့်ဆည်း သင်ကြားပေးရန်လိုပါကြောင်းနှင့် တစ်ကြိမ်ထက်တစ်ကြိမ် တိုးတက်မှုရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက်လည်း တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပြီး ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးသည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ ဝါဆိုမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော် ဦးသုဇာတအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟင်္သာတခရိုင်၊ ဟင်္သတမြို့နယ်၊ တလုတ္ထော်မြို့၊ တောင်သူဦးမောင်ရှင်၏ စိုက်ဧက (၃) ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းနှင့် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာ တောင်သူဦးကြည့်မြင့်၏ စိုက်ဧက (၃) ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူ ဦးမောင်ရှင်၏ စိုက်ဧက (၃) ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းနှင့် အိုင်သပြုကျေးရွာ တောင်သူဦးကြည့်မြင့်၏ စိုက်ဧက (၃) ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားမကျရောက်စေရေး၊ လေလွင့်ဆုံးမှုမရှိအောင် စနစ်တကျရိတ်သိမ်းရေးနှင့် ရိတ်သိမ်းပြီးနေကြာများအား ဆီကြိတ်ခွဲထုတ်လုပ်စေရေး မှာကြားခဲ့သည်။

လှမင်းထွဋ် (ပြန်/ဆက်)