ရွှေဘို ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေဘိုတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော အကြမ်းဖက်မှုကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်၌ ရွှေဘိုတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရွှေဘိုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမြယဉ်ယဉ်ငြိမ်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရွယ်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ “လူငယ်များအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အသိပညာများ မြှင့်တင်ပေးခြင်းသည် အရေးကြီးကြောင်း၊ ယခုလို လူငယ်စကားဝိုင်းများသည် လူငယ်များအတွက် မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရန် ကူညီပေးပြီး လူမှုအသိုင်းအဝိုင်းတွင် ပါဝင်ဆောင်ရွက်လိုစိတ်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းဆက်လက်ကျင်းပရာ ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းက ဦးဆောင်ဆွေးနွေးသူ အဖြစ် ဆောင်ရွက်၍ မခင်ယုလွင်က “ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း”၊ မမေပွင့်ဖြူက “စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း”၊ မဖြိုးဖြိုးထွေးက “အမျိုးသမီးများအပေါ်အကြမ်းဖက်ခြင်း”၊ မောင်ကျော်ခန့်နိုင်က “စီးပွားရေးဆိုင်ရာအကြမ်းဖက်ခြင်း”၊ မရွှန်းလဲ့ဝေက “ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ အကြမ်းဖက်ခြင်း” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါလူငယ်စကားဝိုင်းသို့ ရွှေဘိုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမြယဉ်ယဉ်ငြိမ်းနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)