ပင်လောင်း ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကွင်းဆင်းစစ်ဆေးမှုနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးမှုလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ခန့်ဇော်၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာဌာန အမှုဆောင်အရာရှိ ဦးစိုင်းလူထွန်းနှင့် ဝန်ထမ်းများ၊ မြို့မရဲစခန်းမှ ရဲအုပ်ချစ်ကိုနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သဉ္ဇာနှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက မြို့မဈေးအတွင်းရှိ စာသောက်ဆိုင်များမှ မီးဖိုအသုံးပြုရာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ ဈေးဆိုင်များ မီးသတ်ဆေးဘူးများ စီမံဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခဲ့ကြသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဈေးရောင်းဈေးဝယ်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့် ပစ္စည်းများထားရှိရေး၊ မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့်နှင့် မီးသတ်ဆေးဘူးဖြင့် စနစ်တကျ မီးငြှိမ်းသတ်ပုံများကို ရှင်းလင်းပြောကြားပြီး ဈေးရောင်းဈေးဝယ်သူများက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှုကို လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းနှင့် မီးသတ်ဦးစီးဌာနမှ မီးသတ်ကားဖြင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဈေးရောင်း၊ ဈေးဝယ်သူများအား မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)