လားရှိုးမြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် နွေရာသီအခြေခံအားကစားနည်း ငါးမျိုး အခမဲ့သင်ကြားပေးမည်

လားရှိုး ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်း ငါးမျိုး အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းအား မတ်လ ၁ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ထောင်စုအားကစားကွင်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ကြက်တောင်၊ စစ်တုရင် စသည့်အားကစားနည်းများကို သက်ဆိုင်ရာနည်းပြဆရာများဖြင့် စနစ်တကျလေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။

နွေရာသီအခြေခံအားကစားသင်တန်းများသို့ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ မည်သူမဆို တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပြီး သင်တန်းအခမဲ့တက်ရောက်ခွင့်နှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နွေရာသီအခြေခံအားကစားသင်တန်း တက်ရောက်သင်ကြားလိုသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် လားရှိုးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးသို့ ယနေ့မှစ၍ ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်ဆက်သွယ်လျှောက်ထားနိုင်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

လူမော် (ပြန်/ဆက်)