ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်အောင်မြို့နယ်တွင်ကျင်းပသည့် (၇၈)နှစ် မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မြန်အောင် ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ အောင်ဇေယျခန်းမတွင် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့် ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ သဘာပတိကြီးက မင်္ဂလာမောင်းသုံးချက်တီး၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် သဘာပတိမိန့်ခွန်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုဖြင့် အတူတကွလက် တွဲနေထိုင်ကြပြီး စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ဖြင့် နိုင်ငံတော်ကို ဘက်ပေါင်းစုံမှကာကွယ် စောင့်ရှောက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီးကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ပြည်သူ များကလည်း တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း” နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့လာသည့် ချင်းအမျိုးသားနေ့သဝဏ်လွှာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီးက ဖတ်ကြားခဲ့သည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌက ချင်းအမျိုးသားနေ့ကျင်းပရသည့် ရည်ရွယ်ချက်များကို လည်းကောင်း၊ ချင်းတိုင်းရင်းသူတစ်ဦးက အခမ်းအနားတွင် ဆင်ယင်ပြသထားသည့် ပစ္စည်းများ အကြောင်းကိုလည်းကောင်း ရှင်းလင်တင်ပြခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသား စာပေနှင့်ယဉ်ကျေးမှုအသင်း အတွင်းရေးမှူးက ကျေးဇူးတင်စကား ဆက်လက်ပြောကြား ခဲ့သည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ချင်းရိုးရာအကများဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့မိတ်ဆုံစားပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားများနှင့် ရင်းနှီးနွေးထွေးစွာ နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ရုံးအနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြုGabion Box ကမ်းထိန်း တမံတည်ဆောက်ခြင်း အလျား (၃၅၀) ပေဆောင်ရွက်နေမှုနှင့် မြန်အောင်မြို့၊ မကျီးစုကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ဘိုးပိုင်အခြေပြုကျောက်စီတမံ တည်ဆောက်ခြင်းအလျား (၁၅၀) ပေ ဆောင်ရွက်နေမှု များကိုလည်းကောင်း၊ မြန်အောင်မြို့ တာမိုင် ၅/၅ နှင့်၅/၇ ကြား ကမ်းပြို ကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြုကျောက်စီတမံ တည်ဆောက်ခြင်းအလျား (၁၇၅) ပေ ဆောင်ရွက်နေမှုအား လည်းကောင်း  ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးနှင့် အရည်အသွေး ပြည့်မီရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ မြန်အောင်မြို့၊ စိန်ဝတ်မှုံ(၁)လမ်းရှိ မင်းစန်းဦးဆီကြိတ်စက်နှင့်၊ သဘာဝမီးစက်လမ်းရှိ “ကောင်းသန့်” ဆီစက်သို့သွားရောက်၍  ခေတ်မီဆီသန့်စက်တပ်ဆင်အသုံးပြုကာ မြေပဲ၊ နှမ်း၊ ပဲပုပ်၊ နေကြာဆီများ ကြိတ်ခွဲထုတ်လုပ်ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုအားပေးခဲ့ရာ ဆီစက်ပိုင်ရှင်က ကုန်ကြမ်းရရှိမှု၊ ဈေးကွက်ရရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရေးနှင့်အဆင့်မီ ဆီကြိတ်စက်များနှင့် စားသုံးဆီများ ပိုမိုထုတ်လုပ်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြန်အောင်မြို့နယ်၊ ဆင်သေကျေးရွာ၊ တောင်သူဦးအောင်ဋ္ဌေး၏ စိုက်ဧက (၃) ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 ဆောင်းနေကြာစိုက်ခင်းတို့အား ကြည့်ရှုအားပေးပြီး စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့်  အောင်မြင် ဖြစ်ထွန်းအောင် စိုက်ပျိုးဆောင်ရွက်စေရေးတို့အားမှာကြားခဲ့ကြောင်းသိရသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့်ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများသည် မြန်အောင်မြို့နယ် အင်ပင်မြို့ အ.ထ.က ကျောင်းတွင် ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့် အထူးကု ဆရာဝန်များပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးပြီး လာရောက်ဆေးကုသသောဒေသခံပြည်သူများအား သောက်ရေသန့်၊အချိုရည်၊မုန့်များ ပေးဝေခဲ့ကြသည်။

အဆိုပါဆေးကုသမှုခရီးစဥ်အတွင်း အထွေထွေရောဂါလူနာ(၁၄၆)ဦး၊ အရိုးလူနာ (၉၅) ဦး၊ အကြောအဆစ်(၃၇)၊ ခွဲစိတ်လူနာ (၁၂)ဦး၊ သားဖွားမီးယပ်လူနာ(၁၃)ဦး၊ ကလေးလူနာ (၁၈)ဦး၊ သွားနှင့်ခံတွင်းလူနာ(၁၈)ဦး၊ စိတ်ကျန်းမာရေးလူနာ (၆) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း လူနာ (၃၆) ဦး၊ အရေပြားလူနာ (၅၇) ဦး၊ မျက်စိလူနာ (၁၆၉) ဦး စုစုပေါင်းလူနာ(၆၀၇)ဦးနှင့်ညွှန်းပို့ လူနာ ကျား ၃၂ ဦး၊ မ၃၁ ဦး၊ ECG ကျား ၃ဦး၊  မ ၆ ဦးတို့အား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်းနှင့်ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)