တွံတေး ဖေဖော်ဝါရီ ၂၁
(၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တွံတေးတူးမြောင်းမှ မွေးမြူရေးဇုန်သို့ ဆိုလာစနစ်သုံးရေတင်စီမံကိန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တလုထ္တော်ကျေးရွာအုပ်စု၊ မူးလမန်းကျေးရွာအနီးတွင် ကျင်းပပြုလုပ်ရာအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်သူများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များက (၂) ချပ်တွဲအနိမ့်တင် ဆိုလာပန့် အစုံ (၁၈) ကို တွံတေးမြို့နယ်မှ တောင်သူများနှင့် တာဝန်ရှိသူများအားလည်းကောင်း၊ (၂)ချပ်တွဲ အနိမ့်တင်ဆိုလာပန့်အစုံ (၁၆) ကို ကော့မှူးမြိုနယ်မှ တောင်သူများနှင့် တာဝန်ရှိသူများအား လည်းကောင်း၊ (၂) ချပ်တွဲ အနိမ့်တင်ဆိုလာပန့်အစုံ (၃၅) ကို ကွမ်းခြံကုန်းမြိုနယ်မှ တောင်သူများနှင့် တာဝန်ရှိသူများအားလည်းကောင်း၊ (၂) ချပ်တွဲ အနိမ့်တင်ဆိုလာပန့်အစုံ (၁၀) ကို ဒလမြိုနယ်မှ တောင်သူများနှင့် တာဝန်ရှိသူများအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တွံတေးမွေးမြူရေးဇုန်ဥက္ကဋ္ဌ ဦးတင်ရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ဆိုလာစနစ်ဖြင့် တွံတေးတူးမြောင်းမှမွေးမြူရေးဇုန်သို့ ဆိုလာစနစ်သုံးရေတင်စီမံကိန်းဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦး၊ တွံတေးခရိုင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်၊ တွံတေးမွေးမြူရေးဇုန်ဥက္ကဋ္ဌ ဦးတင်ရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် ဖျော်ဖြေရေးအဖွဲ့အား ဝန်ကြီးချုပ်ဦးစိုးသိန်းက ဂုဏ်ပြုဆုငွေများပေးအပ်ပြီး တွံတေးတူးမြောင်းမှမွေးမြူရေးဇုန်သို့ ဆိုလာစနစ်သုံးရေတင်စီမံကိန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယခုတည်ဆောက်ပြီးစီးဖွင့်လှစ်သည့် တွံတေးတူးမြောင်း (ဆိုလာ- လျှပ်စစ်ရေတင်) လုပ်ငန်းတွင် 300KW (Off Grid) Solar Pumping System For 3 Cusecpump and 75 KW Motor (၂) စုံ တပ်ဆင်ထားရှိပြီး တစ်နေ့လျှင် ကနဦးရေလိုအပ်ချက်တစ်ရက်ရေဂါလန် (၈) သိန်းခန့် ရောက်ရှိနိုင်ဖို့ တစ်နာရီလျှင်ရေဂါလန် ၆၆၀၀၀ တွန်းတင်နိုင်မယ့် ပန့်နှစ်စုံကိုရွေးချယ်ခဲ့ပြီး အမြင့်တင်၊ အဝေးတွန်းနိုင်မည့် (၇၅) ကီလိုဝပ်မော်တာနှစ်ခုနှင့်တွဲဖက်ထားကာ မော်တာတွေလည်ပတ်ဖို့ စွမ်းအင်ရရှိရေး (၅၉၀ နှင့် ၅၈၅) ဝပ်ဆိုလာ (၅၁၂) ချပ်နှင့် တည်ဆောက်ခဲ့ပြီး စုစုပေါင်းပန့်၊ မော်တာ (၂) စုံအတွက် (၃၀၀) ကီလိုဝပ်ဆိုလာစွမ်းအင် ထုတ်ပေးပေးနိုင်ကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)