ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ ကြည့်ရှုစစ်ဆေး

လွိုင်ကော်      ဖေဖော်ဝါရီ     ၂၁

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းများ၌ ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေဖြင့် သိပ္ပံဆောင်တည်ဆောက်နေမှု၊ စာကြည့်တိုက်တည်ဆောက်နေမှုနှင့် ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းသို့ သွားရောက်ကြည့်ရှု အားပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခြေခံပညာအထက်တန်းကျောင်းခွဲ (နမ့်ကွတ်)သို့ ရောက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေဖြင့် RCC တစ်ထပ် သိပ္ပံဆောင်အသစ်ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က မြေနိမ့်ပိုင်းဖြစ်၍ မိုးရာသီတွင်ရေဝင်သည့်အတွက် မြေသားခိုင်မာမှုရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် အဆောက်အအုံဖောင်ဒေးရှင်း ခိုင်ခံ့ရန်လိုအပ်ကြောင်း၊ သတ်မှတ်ချိန်အမီပြီးစီးရန်နှင့် အရည်အသွေးပြည့်မီစွာဆောင်ရွက်ရန်စသည်ဖြင့် မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေဖြင့် ခြံစည်းရိုးအုတ်တံတိုင်း အရှည်ပေ ၈၀၀ ဆောင်ရွက်နေမှုနှင့် RCC တစ်ထပ် စာြကည့်တိုက် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဈေးပိုင်းရပ်ကွက်ရှိ ဥတ္တရာရုံပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ နဝကမ္မ အလှူငွေများလှူဒါန်းခဲ့သည်။ ထို့နောက် ကျောင်းတိုက်အတွင်း အခြေခံစာ တတ်မြောက်ရေး သင်ကြားမှု၊ သင်ယူမှုများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး စာသင်သားများအနေဖြင့် သင်တန်းအောင်မြင်ပြီးဆုံးပါက သင်ယူလေ့လာမှုများ မရပ်တန့်ဘဲဆက်လက်ဆောင်ရွက်ရန် အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)