ပေါင်းတည်မြို့၌ တောင်သူများ မတ်ပဲ စတင်ရိတ်သိမ်း

ပေါင်းတည် ဖေဖော်ဝါရီ ၂၁

တောင်သူများ အားထားစိုက်ပျိုးခဲ့ကြသည့် မတ်ပဲသီးနှံများအား ယခု ရက်သတ္တပတ်အတွင်းမှစ၍ စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

ပဲမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်ရှိ တောင်သူများသည် ယခုနှစ်တွင် မတ်ပဲ ၄၂၀၇၉ ဧကအထိ စိုက်ပျိုးခဲ့ကြကြောင်း၊ တောင်သူများသည် မျိုးကောင်း၊ မျိုးသန့် အထွက်ကောင်း TBL.9 မျိုးကို အားထားစိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နိုင်ငံတော်မှ မတ်ပဲသီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရေးကို အလေးထားအားပေးလျက်ရှိ‌‌ရာ တောင်သူများ၏ စိုက်ပျိုးရေးစရိတ် လိုအပ်ချက်များ၊ စိုက်ပျိုးရေးနည်းပညာများနှင့် သွင်းအားစုများကို ကူညီဖြည့်ဆည်းပေးခဲ့ကြောင်း၊ တောင်သူအကျိုးစီးပွား ပိုမိုဖြစ်ထွန်းနိုင်ရေးနှင့် သီးနှံပို့ကုန်တိုးတက်ရေးတို့အတွက် မတ်ပဲသီးနှံအနေဖြင့် ပန်းတိုင်အထွက်နှုန်းသတ်မှတ်ချက် တစ်ဧက၂၅ တင်းနှုန်း ပြည့်မီကျော်လွန်အောင် ရည်မှန်းစိုက်ပျိုးထုတ်လုပ်ရရှိနိုင်စေရေးအတွက် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့က တောင်သူများနှင့် တွေ့ဆုံဆွေးနွေးကာ ပူးပေါင်းကူညီ ကြိုးပမ်းအားထုတ်ခဲ့ကြကြောင်း သိရသည်။

ပဲပေါ်စ ယခု လတ်တလောအချိန်၌ ဒေသတွင်း ပဲမျိုးစုံ ရောင်းဝယ်ရေးလုပ်ကိုင်သူများအနေဖြင့် မတ်ပဲတစ်တင်းလျှင် ကျပ် တစ်သိန်းခန့်ဖြင့် ဈေးဖွင့်ထားလျက်ရှိပြီး တောင်သူများအနေဖြင့် လတ်တလောရိတ်သိမ်းပြီး ပဲများကို လက်ဝယ်စုဆောင်းထားရှိကာ ပဲဈေးနှုန်းပိုမိုရရှိရေးအတွက် ဆက်လက်မျှော်လင့်လျက်ရှိကြောင်း သိရသည်။

ရွှေသား(IPRD)