ကျွန်းလှ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးရာသီစိုက်ပျိုးခဲ့သော ပဲစင်းငုံသီးနှံ ၁၁၅၄၄ ဧကရိတ်သိမ်းပြီး ၁၆၃၀၀၀ တင်းကျော်ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ပဲစင်းငုံသီးနှံကို မိုးရာသီမှာ သီးသန့်စိုက်ပျိုးကြသလို မြေပဲ၊ ပြောင်းသီးနှံတို့နဲ့ သီးညှပ်လည်း စိုက်ပျိုးကြပါတယ်။ အခုအခါ စိုက်ဧကအားလုံးရိတ်သိမ်းပြီး တစ်ဧက ၁၄ ဒသမ ၁၉ တင်းထွက်ရှိပါတယ်။ ဒီနှစ်ပဲစင်းငုံတစ်တင်း ငွေကျပ် ၇၀၀၀၀ ဈေးရှိပြီး အရင်နှစ်ကထက် ဈေးအနည်းငယ်ကျသော်လည်း တောင်သူတွေ အကျိုးအမြတ်ရရှိကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါပဲစင်းငုံသီးနှံစိုက်ပျိုးသော တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသရာသီဥတုနှင့်ကိုက်ညီပြီး ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိသည့် ဈေးကွက်ဝင် အထွက်ကောင်းမျိုးရရှိရေးဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး ပညာပေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုး ရာသီ၌ ပဲစင်းငုံသီးနှံ စိုက်ပျိုးရန် ၁၁၅၄၁ ဧကလျာထားပြီး ၁၁၅၄၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ