သုံးခွ ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်နေပြည်သူများအား မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖေဖော်ဝါရီ ၁၉ ရက်နေ့နံနက် ၁၀ အချိန်က လက်ပန်နန်းခလဲ ကျေးရွာသို့ မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက လက်ပန်နန်းခလဲကျေးရွာအတွင်းရှိ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့်အတူ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်၊ တရားမဝင် လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းများမပြုလုပ်ရန်၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေအပြည့်ဖြည့်ထားရန်နှင့် မီးသတိပြုဆောင်ရွက်နိုင်ရေး အသိပညာပေးပြောကြားခဲ့ပြီး တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခဲ့သည်။ ထို့အပြင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးဘေးလုံခြုံရေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်နေပြည်သူများ မီးဘေးအန္တရာယ် ကာကွယ်နိုင်ရန်အတွက် မီးသတ်ယာဥ်ဖြင့် လိုက်လံနှိုးဆော်ခြင်း၊ မီးဘေးသရုပ်ပြခြင်းနှင့် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခြင်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)