မုဒုံမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတည်ဆောက်နိုင်ရေး မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပ

မုဒုံ ဖေဖော်ဝါရီ ၁၈

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကမ်းရိုးတန်းသွား အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတည်ဆောက်ရေးအတွက် စီမံကိန်းဧရိယာအတွင်းပါဝင်သည့် လယ်မြေများအတွက် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးပေးချေနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တောင်သူများတွေ့ဆုံပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ရွှေဟင်္သာခန်းမ၌ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းနှင့် အပြည်ပြည်ဆိုင်ရာ ရေနက်ဆိပ်ကမ်းတစ်ခုစီမံကိန်းအား တည်ဆောက်သွားရန် လျာထားလျက်ရှိပြီး စုစုပေါင်းမြေဧကမှာ (၄၆၉၅.၅၈)ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် တောင်သူများ၏ လယ်မြေ၊ ဥယျာဉ်မြေနှင့် စိုက်ပျိုးသီးနှံများအား သီးနှံအမျိုးအစားအလိုက် လျော်ကြေးငွများအား ပေးအပ်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မုဒုံမြို့၊ ရွှေဟင်္သာခန်းမ၌ တောင်သူကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ ဆွေးနွေးခဲ့ကြကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဏာရေးနှစ်မှစတင်၍ တောင်သူများအား လျော်ကြေးငွေများ ပေးအပ်ခဲ့ရာ ငွေကျပ် (၂၄၀၇၆၄,၆၀၀၂၀)သန်းအား ပေးအပ်ထားရှိပြီးဖြစ်ကြောင်းနှင့် ယခုရေနက်ဆိပ်ကမ်းတွင်ပါဝင်သည့် တောင်သူများအား လယ်မြေတစ်ဧကလျှင် ငွေကျပ်သိန်း (၄၀)အပြင် ပြည်နယ်အစိုးရအဖွဲ့မှ အပိုဆောင်းငွေအဖြစ် ကျပ်သိန်း(၃၀)၊ တစ်ဧကလျှင် စုစုပေါင်း ကျပ်သိန်း(၇၀)အား ပေးအပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်မြေစာရင်းဦးစီးမှူးမှ မြေယာလျော်ကြေးပေးချေနိုင်ရေးကိစ္စများနှင့်ပတ်သက်၍ ထပ်မံရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက မြေယာလျော်ကြေးငွေများကို တောင်သူများထံ လက်ဝယ်အရောက်ထုတ်ပေးသည်။

မုဒုံမြို့နယ်တွင် နိုင်ငံတကာအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းရေနက်ဆိပ်ကမ်းစီမံကိန်းအား နိုင်ငံတော်အစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ၎င်းအပြင် နိုင်လှုံကျေးရွာအနီးတွင်လည်း မြေဧက ၃၆၈ ဧကပေါ်၌ စက်မှုဇုန်တစ်ခုတည်ဆောက်သွားရန် စီမံကိန်းများဆောင်ရွက်ထားရှိအဆိုပါစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးပါက ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ဒေသခံများအနေဖြင့်လည်း စီပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)